Thursday, October 6, 2016

နမူနာပို့စ်

မေး။ ။ ယူနီကုဒ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ယူနီကုဒ်ဆိုတာ စံသတ်မှတ်ချက်ပါ။ ကမ္ဘာပေါ်မှာ ရှိသမျှဘာသာစကားတွေအားလုံး ကွန်ပျူတာစနစ်မှာ အဆင်ပြေဖို့ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ပါ။

မေး။ ။ဒါဆို ယူနီကုဒ်ဖောင့်ဆိုတာက။

ဖြေ။ ။ ယူနီကုဒ်စံကို လိုက်နာတဲ့ ဖောင့်တွေကို အလွယ်စုပေါင်းခေါ်တာပါ။ ဖောင့်အမည် အမျိုးမျိုးရှိပါတယ်။ မြန်မာ၃၊ သာလွန်၊ ပရပိုဒ် စတာတွေပေါ့။

မေး။ ။ ဒါဆို ဇော်ဂျီဖောင့်ကရော။

ဖြေ။ ။ ဇော်ဂျီဖောင့်ဆိုတာက ယူနီကုဒ်စံကို အပြည့်အဝမလိုက်နာပဲ ပြုလုပ်သူစိတ်ကြိုက်လုပ်ထားတဲ့ ဖောင့်ပါ။

မေး။ ။ အပြည့်အဝမလိုက်နာဘူးဆိုတာက ဘယ်လိုပြောတာပါလဲ။

ဖြေ။ ။ ဥပမာပေါ့ ယူနီကုဒ်စံမှာ ြ ရရစ် တစ်မျိုးပဲ ရှိတယ်။ ပုံစံပြောင်းရရစ်တွေကို အလိုအလျောက် ပြောင်းပေးရတယ်။ ဇော်ဂျီမှာတော့ ပုံစံပြောင်း ရရစ်တွေအတွက် သီးသန့်နေရာယူထားရတယ်။ အဲဒီနေရာတွေကို ကျန်တဲ့တိုင်းရင်းသားစာတွေရဲ့ နေရာကို ဝင်ယူထားရတယ်။

မေး။ ။ ဒါဆို ဇော်ဂျီနဲ့ ကျန်တဲ့တိုင်းရင်းသားစာတွေ ဖတ်မရဘူးလို့ ပြောချင်တာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ ဒါပေမဲ့ ရှမ်းစာအတွက် ဇော်ဂျီရှိတယ်လေ။

ဖြေ။ ။ ဒါကလဲ ရိုးရှင်းပါတယ်။ ဗမာစာအတွက်ပုံပြောင်းအက္ခရာတွေအတွက် ရှမ်းစာရဲ့နေရာယူထားလိုက်တယ်။ ဒါဆို ရှမ်းစာအတွက်နေရာတွေကို သူများဘာသာစကားရဲ့နေရာကို ယူပေးလိုက်တာပေါ့။ Cham ဆိုတဲ့ ဘာသာစကားရဲ့နေရာကို ယူထားတာပါ။ မြန်မာတွေနဲ့လဲ အဆက်အစပ်မရှိဘူးလေ မရှုပ်နိုင်ဘူးလို့ ယူဆခဲ့လို့ ဖြစ်ပါလိမ့်မယ်။

မေး။ ။ Cham ဆိုတဲ့ ဘာသာစကားက ဘယ်နိုင်ငံသုံးဘာသာစကားလဲ။

ဖြေ။ ။ အဲဒါတော့ သေချာမသိပါဘူး။ အရှေ့တောင်အာရှတိုင်းပြည်ကဆိုတာတော့သိတယ်။ သေချာချင်ရင် Cham Language ဆိုပြီး google မှာ ရှာကြည့်လို့ရပါတယ်။ ပြောရဦးမယ်၊ အရင်က Android version တွေမှာ Cham အတွက် ဖောင့်မပါသေးဘူး။ 6.0 က စပြီးပါလာပြီ။ မြန်မာတိုင်းရင်းသားစာတွေအားလုံး 4.3 ကတည်းကပါလာတာပါ။

မေး။ ။ စောစောကပြောတယ်နော် စံသတ်မှတ်ချက်ဆိုတာ။ ဖောင့်တွေအတွက် စံသတ်မှတ်ချက်တွေက ဘယ်လောက်အရေးပါပါသလဲ။

ဖြေ။ ။ ဒီမေးခွန်းက ဖြေစရာလိုမယ်တောင် မထင်ပါဘူး။ ဘယ်ကိစ္စရပ်မဆို စံသတ်မှတ်ချက်ဆိုတာ အရေးကြီးတာပဲမဟုတ်လား။

မေး။ ။ ဒါပေမဲ့ မြန်မာမှာ ဇော်ဂျီက လူသုံးများတယ်လေ၊ ဒါကိုစံသတ်မှတ်လို့ မရဘူးလား။ နိုင်ငံခြားက သတ်မှတ်တာမှ အမှန်ယူဆကြတာလား။

ဖြေ။ ။ ဒီမေးခွန်းကိုဖြေရင် နိုင်ငံခြားက သတ်မှတ်တယ်ဆိုတာ ဘလိုင်းသတ်မှတ်တာမဟုတ်ပါဘူး။ နိုင်ငံတကာက ဘာသာဗေဒပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေ၊ မြန်မာစာပညာရှင်တွေ နဲ့ ပြည်တွင်းက စာပေပညာရှင်တွေ ကွန်ပျူတာပညာရှင်တွေ စုပေါင်းညှိနှိုင်းပြီး သတ်မှတ်ခဲ့တာပါ။ နောက်တစ်ခုက မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လုပ်ထားတာပဲ စံအဖြစ် ပြောင်းသတ်မှတ်ပါလားလို့ ခင်ဗျား ပြောချင်တာလား။

မေး။ ။ ဟုတ်တယ်လေ။ လူသုံးများတာပဲ စံသတ်မှတ်ရင် မရဘူးလား။

ဖြေ။ ။ ခင်ဗျားကို တစ်ခုမေးမယ်။ မြန်မာပြည်ကနေ စားသောက်ကုန်တစ်ခုခုထုတ်လုပ်တယ်ဆိုပါတော့။ ခင်ဗျား အဲဒီထုတ်ကုန်ကို နိုင်ငံခြားတင်ပို့ချင်ရင် ဒီအတိုင်းပဲ ပို့လို့ရမလား။

မေး။ ။ ဒါတော့ ဘယ်ရမလဲ။ ISO လက်မှတ် ဘယ်လောက်ဘယ်လောက်ဆိုတာတွေ။ FDA က ထောက်ခံချက်ဆိုတာတွေ ပါမှ ဟိုဘက်က လက်ခံမှာပေါ့။

ဖြေ။ ။ ဟင် . မြန်မာမှာလဲ ဒီအတိုင်းထုတ်ပြီး ဒီအတိုင်းရောင်းနေတာလေ။ သူတို့နိုင်ငံပို့မှ ဘာလိုတယ် ညာလိုတယ် ဘာလို့ဖြစ်ရတာလဲ။

မေး။ ။ အဲ . ဒါကတော့ နိုင်ငံတကာမှာသတ်မှတ်ချက်တွေလေ။ ဒါပေမဲ့ဗျာ ခင်ဗျားပြောသလိုဆို ဖောင့်ဆိုတာ ပြည်တွင်းသုံးလေဗျာ၊ ကိုယ့်နိုင်ငံမှာပဲ ရေးလို့ရ ဖတ်လို့ရရင် ပြီးရောမဟုတ်လားဗျ။

ဖြေ။ ။ အဲဒါပြောနေတာ၊ အဲဒါ။ ခင်ဗျား သုံးတာ အင်တာနက်ကြီးမဟုတ်လား။ ခင်ဗျား အင်တာနက်ပေါ်တက်လိုက်တာနဲ့ အဲဒါ local မဟုတ်တော့ဘူး Global ဖြစ်သွားပြီဗျ။ Google ကြီးနဲ့ မြန်မာလိုရေးထားတာတွေ ရှာလို့ရတယ်၊ ဘာသာပြန်တွေ၊ ကီးဘုတ်တွေ နိုင်ငံခြားကလူတွေ လုပ်ပေးထားတာတွေကြည့်လေ။ အင်တာနက်ခေတ်မှာ ခင်ဗျားဘာသာစကားကို local တစ်ခုတည်းလို့ တွက်လို့ မရတော့ဘူးဗျ။

မေး။ ။ ဒါဆို ခင်ဗျားက ယူနီကုဒ်ဆိုတာသုံးမှဖြစ်မယ်လို့ယုံကြည်တာပေါ့။

ဖြေ။ ။ ဒါပေါ့။ ဒါအမှန်ပဲ။

မေး။ ။ ဒါပေမဲ့ ယူနီကုဒ်ဆိုတာ ရူပဗေဒနိယာမတွေလို ထာဝရမှန်တဲ့တရားမဟုတ်ဘူးလေ။ လူတွေ သတ်မှတ်ထားတာပဲ။

ဖြေ။ ။ ခင်ဗျားပြောတာမှန်ပါတယ်။ ယူနီကုဒ်စံကို ပြုပြင်လို့ရတယ်။ ခင်ဗျားပြောတဲ့ သဘာဝနိယာမတရားလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ခင်ဗျားပြင်ချင်တယ်ဆိုရင် သက်သေအထောက်အထားအပြည့်အစုံကို ပေးပြီး ပြင့်သင့်ကြောင်းပြောလို့ရတယ်၊ ယူနီကုဒ်အဖွဲ့အစည်းကလဲ လေ့လာမယ်၊ မေးခွန်းထုတ်မယ်၊ ပြီးရင်သဘောတူမတူ သဘောထားခံယူချက်တောင်းမယ်။ အားလုံးက သဘောတူတယ် ခင်ဗျားတင်တဲ့ အချက်အလက် ပြည့်စုံမှန်ကန်မယ်ဆိုရင်တော့ မပြောင်းပေးမှာမပူလေနဲ့။

မေး။ ။ ခင်ဗျားဟာကဗျာ ပြောင်းဖို့ရာခက်ခဲတာ။

ဖြေ။ ။ ရော် ပညာရှင်တွေစုပေါင်းစဉ်းစားထားတာလေဗျာ။ ပြီးတော့ မြန်မာစာ ယူနီကုဒ်စာရင်းမှာ ပါလာတာလဲ လွယ်လွယ်ကူကူမဟုတ်ဘူး။ စောစောကပြောတဲ့ အချက်တွေကို ဖြတ်သန်းပြီးမှရတာ။ လွယ်လွယ်နဲ့ စံပယ်မပွင့်ဘူးလေဗျာ။

မေး။ ။ ဒါတွေထားပါတော့ဗျာ။ အဓိကက လူတွေက ဇော်ဂျီလက်ကွက်နဲ့ အသားကျနေပြီဗျ။

ဖြေ။ ။ ဘယ်ဇော်ဂျီလက်ကွက်လဲ။ ကွန်ပျူတာက ဇော်ဂျီလက်ကွက်လား၊ Frozen ကီးဘုတ်ရဲ့ လက်ကွက်လား၊ Bagan ကီးဘုတ်ရဲ့ လက်ကွက်လား။ နောက်ပြီးရှိပါသေးတယ်။ Frozen ကီးဘုတ်အဟောင်းရဲ့ လက်ကွက်လား။

မေး။ ။ ဟင် ခင်ဗျား အဲလိုတော့မကပ်နဲ့လေ။

ဖြေ။ ။ ကပ်တာမဟုတ်ဘူး။ အဲဒီလက်ကွက်တွေ အကုန် တစ်ထပ်တည်းအတူတူပဲလို့ ခင်ဗျားထင်လို့လား။

မေး။ ။ ဒါကတော့ ...

ဖြေ။ ။ ဒါကမတော့နဲ့။ ကွန်ပျူတာဇော်ဂျီလက်ကွက်က ဝင်းလက်ကွက်ကို ထပ်တူကူးချထားတာသိလား။ ယူနီကုဒ်မှာ myanmar3 လက်ကွက်ချပုံက ဝင်းလက်ကွက်နဲ့ သုံးလေးနေရာပဲ ကွဲတယ်။ နည်းနည်းလေး လေ့ကျင့်ပေးဖို့ပဲလိုတယ်။

မေး။ ။ ယူနီကုဒ်မှာက သဝေထိုးကို နောက်က ရိုက်တယ်လေ။

ဖြေ။ ။ ဟိုး ဟိုး ဆရာ နောက်ကရိုက်တယ်လို့ မပြောနဲ့ နောက်က သိမ်းရတယ်လို့ပဲ ပြော။ ခင်ဗျား ရှေ့ကရိုက်ချင်လဲ ရတယ်လေ။

မေး။ ။ အတူတူပဲ မဟုတ်ဘူးလားဗျ

ဖြေ။ ။ မတူဘူးဗျ။ ယူနီကုဒ်မှာက သိမ်းတဲ့အခါ သူသတ်မှတ်ထားတဲ့ အစီအစဉ်တိုင်းသိမ်းရတယ်။ ဗျည်း၊သရ အစဉ်တိုင်းသိမ်းရတယ်။ ဒါဟာလဲ ဘာသာစကားရဲ့ သဘောသဘာဝအရပဲ။ လူနဲ့ စက်နဲ့ မတူဘူးဗျ။ လူက အမြင်တိုင်းနားလည်ပေမယ့် စက်ကတော့ logically ပဲ စဉ်းစားနိုင်တယ်။

မေး။ ။ ဒါပေမဲ့ မြန်မာစာမှာ သဝေထိုးအနောက်က မရေးဘူးလေဗျာ။

ဖြေ။ ။ ဒီအကြောင်းပြောရရင် တစ်နေကုန်သွားမယ်ဗျာ။ ခင်ဗျားရှင်းသွားအောင် အကျဉ်းချုပ်ပြောပြမယ်ဗျ။ မြန်မာအက္ခရာတွေက ဗြဟ္မီ အက္ခရာတွေက ဆင်းသက်လာတာဗျ။ သူတို့ရဲ့ထူးခြားချက်က သရဟာ သင်္ကေတအဖြစ်နဲ့ ဗျည်းရဲ့ရှေ့နောက် ထက်အောက် နေချင်သလိုနေကြတာဗျ။

မေး။ ။ ဘယ်လို၊ ဘယ်လို

ဖြေ။ ။ ဒီလိုဗျာ။
'က+အာ=ကာ' သရကနောက်ကမနေဘူးလား။
'က+အီ= ကီ' သရက အပေါ်ကမနေဘူးလား။
'က+အေ= ကေ' သရက ရှေ့က မနေဘူးလား
'က+အု= ကု' ဟော သရက အောက်က မနေဘူးလား။
ကျန်သေးတယ်။
'က+အို= ကို' အထက်အောက်ခွထားတယ်။
'က+အော= ကော' ရှေ့နောက် ခွထားတယ်။

မေး။ ။ အင်း နည်းနည်းတော့ ရှုပ်လာပြီ။

ဖြေ။ ။ ပြောပါတယ်။ တစ်နေကုန်မယ်လို့။ ဒီလိုဗျာ သရ က နေရာအမျိုးမျိုးရှိနေတယ်။ ဘာသာစကားရဲ့ သဘောအရ ဗျည်းသရ ပဲ။ အင်္ဂလိပ်မှာကျတော့ ရှင်းတယ်။ သူက ရှေ့နောက်ပဲလေဗျာ။ k နဲ့ a ပေါင်း ka ဒါပဲ။ ရှင်းမှရှင်း။ ဒါကြောင့် မြန်မာလို အက္ခရာတွေကို Complex Script လို့ ခေါ်တာဗျ။ အသေးစိတ်သိချင်ရင် Google မှာ ရိုက်ရှာကြည့်။

မေး။ ။ ဗျည်းနဲ့သရ က ရှေ့နောက်ပဲ တွဲတယ်ပေါ့။ အဲဒါလေး သိပ်မရှင်း ... ရှင်း

ဖြေ။ ။ ခင်ဗျားကို နမူနာပြမယ်ဗျာ။
'မေ' ကို အင်္ဂလိပ်လို May လို့ ပေါင်းတယ်နော်။

မေး။ ။ ဟုတ်ပါ့။

ဖြေ။ ။ May မှာ M က မဗျည်း၊ ay က အေ သရ။ ဟုတ်လား။

မေး။ ။ အင်း

ဖြေ။ ။ အဲဒီမှာကို အရှင်းကြီးလေဗျာ။ မေ ကို အင်္ဂလိပ်လို အသံလှယ်ရင် မဗျည်း ပြီးမှ အေ သရ လာရတယ်လေဗျာ။ သဝေထိုးဆိုတာ အေ သရ ရဲ့ သင်္ကေတ။ အမြင်မှာ ရှေ့ကရောက်နေတယ်။ အသံအရ အနောက်ကပဲနေရတယ်။

မေး။ ။ အယ် ...

ဖြေ။ ။ မောင် ကို Maung လို့ ပေါင်းတယ်နော်

မေး။ ။ အင်း

ဖြေ။ ။ Maung မှာ M က မဗျည်း၊ aung က အောင် သရ လေ။ မြင်လား ဗျည်းက ရှေ့ကပဲ ရှိတယ်။

မေး။ ။ ....

ဖြေ။ ။ မ အေ။ မ အေ လို့ အမြန်ရွတ်ကြည့် မေ လို့ ထွက်လာတယ်။ အေ မ ဆိုရင် မေလို့ မရဘူးဗျ။
မ အောင်။ မ အောင် လို့ အမြန်ရွတ်ကြည့် မောင်လို့ ထွက်တယ်ဗျ။

မေး။ ။ အင်း နည်းနည်းတော့ နားလည်သလို ရှိ

ဖြေ။ ။ အဲဒီအကြောင်းတစ်ကယ်လေ့လာချင်ရင်တော့ အချိန်ယူပေါ့ဗျာ။ ဒီလိုဗျ လူနဲ့ စက်နဲ့ မတူဘူး။ လူတွေက အမြင်နဲ့ပဲ ဆုံးဖြတ်နိုင်တယ်။ စက်က သရ ကတော်ကြာနေ ရှေ့ရောက်နေ တော်ကြာနေ နောက်ရောက်နေဆို အဆင်မပြေဘူးလေ။ ဒါကြောင့် သူ့အတွက် ဗျည်းသရ ဆိုတဲ့အစဉ်ကို တစ်သတ်မတ်တည်းထားပေးရတာ။ ခင်ဗျားစာရိုက်ရင်တော့ ရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်တွေရှိပါတယ်။

မေး။ ။ အခုလိုရှင်းပြတာ ကျေးဇူးတင်တယ်ဗျာ။

ဖြေ။ ။ ခင်ဗျားကိုလဲ တစ်ခုပြန်မေးမယ်။ အခု ယူနီကုဒ်အကြောင်း တော်တော်သိပြီပဲထားပါတော့။ ခင်ဗျားရော ပြောင်းသုံးဖို့ စဉ်းစားပြီလား။

မေး။ ။ လူတွေအကုန်ပြောင်းရင် ကျွန်တော်တို့လဲ လိုက်ပြောင်းမှာပေါ့...

တိန်

(သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို ကျေးဇူးတင်ပါတယ်။ ဝေဖန်အကြံပြုပေးကြပါ။)